ဆေးပညာအံ့ဖွယ်! လူ့အသက်အားဂုဏ်ပြုခြင်း! ယူနန်ပြည်နယ်၏ “သမိုင်းတစ်လျှောက် အသေးငယ်ဆုံး မိန်းကလေးငယ်” ချန့်ချန့် ဆေးရုံမှဆင်းပြီ
2019-04-04 00:00 source:


4.4.5.jpg

ပည်နယ် အမှတ် (၁) ဆေးရုံ မွေးကင်းစကလေးငယ် အထူးကုသဆောင် (NICU)

 

ဤသည်မှာ မျက်မှောက်ခေတ် ဆေးပညာ၏ အံ့ဖွယ်တစ်ပါးဖြစ်သည့်အပြင် လူ့အသက်နှင့် ချစ်ခြင်း တရားတို့အား ဂုတ်ပြုခြင်းပင်ဖြစ်သည်။

 

မတ်လ ၁၈ ရက်နေ့ မနက် ၉ နာရီအချိန်တွင် လူအများ၏ ဆုတောင်းမေတ္တာပို့သမှုနှင့် မျှော်လင့်စောင့်စားမှုများကြားတွင် ဆေးရုံဝန်ထမ်းများ၏ နေ့ညမပြတ် ကြိုးစားအားထုတ်မှုကြောင့် ယူနန်ပြည်နယ်၏ “သမိုင်းတစ်လျှောက် အသေးငယ်ဆုံး မိန်းကလေးငယ် ချန့်ချန့်မှာ နောက်ဆုံးတွင် ယူနန်ပြည်နယ် အမှတ် (၁) ပြည်သူ့ဆေးရုံ (အောက်တွင် အမှတ် (၁) ဆေးရုံဟု ခေါ်ဝေါ်ပါမည်) မွေးကင်းစကလေးငယ် ရောဂါကုသဆောင်မှ ဆင်းကာ မိဘရင်ခွင်သို့ ပြန်ရောက်ရှိနေပြီဖြစ်သည်။


ချန့်ချန့်၏မိဘများမှ ပြည်နယ် အမှတ် (၁) ဆေးရုံအတွက် ဂုဏ်ပြု Banner ပေးအပ်ခဲ့သည်။


ချန့်ချန့်၏ အံ့ဖွယ်ဖြစ်ရပ်အား အချက်အလက်တစ်ချို့ဖြင့် မှတ်တမ်းတင်ခဲ့သည်။ ချန့်ချန့်အား ကိုယ်ဝန် (၂၅) ပတ် အရွယ်တွင် မွေးဖွားခဲ့သည့်အတွက် ပုံမှန်ကလေးငယ်များထက် ရက်ပေါင်း (၁၀၀) နီးပါး စောလျင်စွာ မွေးဖွားခဲ့သည်။ မွေးကင်းစ ကိုယ်အလေးချိန်မှာ (၇၀၀) ဂရမ် မျှသာရှိသည်။ ညပေါင်း (၈၆) ည၊ နာရီပေါင်း (၂၀၆၄) နာရီကြာ အရေးပေါ်ကုသမှုနှင့် ပြန်လည်ထူထောင်ရေးကုသမှု ကာလအတွင်း ချန့်ချန့်နှင့် သူမ၏မိဘ၊ ပြည်နယ် အမှတ် (၁) ဆေးရုံ မွေးကင်းစကလေးငယ် အထူးကုသဆောင် (NICU) မှ ဆေးရုံဝန်ထမ်းများအားလုံးသည် အပြန်အလှန် အားပေးခြင်း၊ အတူတကွ ကြံ့ကြံ့ခံ ရပ်တည်ခြင်း၊ အရှုံးပေးခြင်း မရှိခဲ့ပေ။


၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီ ၅၂ မိနစ်အချိန်တွင် ချန့်ချန့်၏မိခင်သည် သူမအား ကိုယ်ဝန် ၂၅ ပတ် အရွယ်တွင် မွေးဖွားခဲ့ပြီး ချန့်ချန့်သည် လူ့လောကသို့ စောလျင်စွာ ရောက်ရှိခဲ့သည်။ မွေးကင်းစအချိန်တွင် ချန့်ချန့်သည် လက်ဖဝါးအရွယ်မျှသာရှိပြီး ရက်မစေ့ပဲ မွေးဖွားခဲ့သည့်အတွက် ချန့်ချန့်၏ကိုယ်အလေးချိန်မှာ အလွန်လျော့နည်းပြီး အသက်ရှုရန် အခက်အခဲရှိလေသည်။ တစ်နာရီ ကျော်ကြာ အရေးပေါ်ကုသရေးအား ဆောင်ရွက်ပြီးနောက် ချန့်ချန့်အား မွေးကင်းစကလေးငယ် အထူကုသဆောာင် (NICU) သို့ ပို့ဆောင်ကာ နောက်တစ်ဆင့် ဆေးဝါးကုသမှု ခံယူစေခဲ့သည်။


4.4.6.jpg4.4.6.jpg

ပြည်နယ် အမှတ် (၁) ဆေးရုံ မွေးကင်းစကလေးငယ် အထူးကုသဆောင် (NICU)


ပြည်နယ် အမှတ် (၁) ဆေးရုံ ကလေးအထူးကုဌာန ဌာနမှူး ဒေါက်တာ မီဟုန်ရင်သည် လွန်ခဲ့သည့် (၃) လက အရေးပေါ်ကုသမှု အခြေအနေအား ပြန်ပြောင်းပြောဆိုရာတွင် “အဲ့အချိန်က ကလေးငယ်ရဲ့ အခြေအနေက အရမ်းစိုးရိမ်ရတယ်။ လမစေ့ပဲမွေးတဲ့အတွက် ကိုယ်အလေးချိန်က အရမ်းလျော့နည်း ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ အထူးသဖြင့် အဆုတ်ဟာဆိုရင် ကောင်းစွာ မဖွံ့ဖြိုးသေးတဲ့အတွက် မွေးခါစကလေးငယ်လေး ချန့်ချန့်ဟာဆိုရင် NRDS ရောဂါလက္ခဏာကို ခံစားခဲ့ရပြီး အဆုတ် သွေးထွက်တာ၊ သွေးမျှင်ကြော ယိုစိမ့်တာ စတဲ့ အရမ်းစိုးရိမ်ရတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့ပါ တယ်။ အရေးပေါ်ကုသမှုမှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်မတို့ ဆေးရုံဝန်ထမ်းတွေဟာ အားမလျှော့ပဲ ကြိုးစားပြီး ကုသပေးခဲ့ပါတယ်။ ချန့်ချန့်မိဘတွေရဲ့ အားပေးထောက်ခံမှုဟာလည်း အရမ်းအရေးကြီးပါတယ်။ သူတို့ရဲ့ အားပေးထောက်ခံမှုကို မရရှိရင် ကျွန်မတို့လည်း ဒီနေ့အခြေအနေထိ ရောက်ရှိလာမှာမဟုတ်ပါဘူး ဟုပြောကြားခဲ့သည်။


ဒေါက်တာ မီဟုန်ရင်မှ သတင်းထောက်အားပြောကြားရာတွင် “ကျွန်မသိသလောက်တော့ ကိုယ်ဝန် ၂၅ ပတ်မှာ ကလေးမွေးတယ်ဆိုတာ ယူနန်ပြည်နယ်ရဲ့ လမစေ့ပဲမွေးတဲ့ ကလေးငယ်တွေထဲမှာ စံချိန်တင် အငယ်ဆုံးဖြစ်ပါတယ်။ ဟုပြောကြားသည်။ ယခုတစ်ကြိမ် အောင်မြင်စွာ ကုသနိုင်ခြင်းသည် ယခင် ကိုယ်ဝန်ပျက်ကျခြင်းသတ်မှတ်ချက်အား ပြောင်းလဲစေခဲ့သည်။ ယခင်က ၂၈ ပတ်အောက် သန္ဓေသား အား နှောင်းပိုင်းကိုယ်ဝန်ပျက်ကျခြင်းဟု သတ်မှတ်ခဲ့သည်။ ယခုအချိန်တွင် ယူနန်ပြည်နယ်တွင် ၂၅ ပတ် သန္ဓေသားအား အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီဖြစ်သည်။ (နိုင်ငံတကာတွင်မူ ပုံမှန်အားဖြင့် ၂၄ ပတ် အရွယ် သန္ဓေသားတွေအထိ အရေးပေါ်ကုသမှုများပြုလုပ်။) ထို့အပြင် ယူနန်ပြည်နယ်၏ မီးဖွားခြင်းနှင့် သက်ဆိုင်သည့်ဆေးပညာရပ် ဖွံ့ဖြိုးတိုးတက်မှုနှင့် NICU ကုသရေးနည်းပညာ၏ ဘက်ပေါင်းစုံ တိုးတက်မှုအား ထုတ်ဖော်ပြသနိုင်ခဲ့သည်။ အနာဂတ် ယူနန်ပြည်နယ်တွင် ဒုတိယမြောက်ရင်သွေး၊ တတိယမြောက်ရင်သွေး မွေးဖွားသည့်အချိန်တွင် မွေးကင်းစကလေးငယ် အစောပိုင်းကုသရေးအတွက် ခိုင်မာသည့် နည်းပညာထောက်ပံ့မှုအား ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။


လေ့လာသိရှိမှုအရ (၃) လတာအတွင်း ချန့်ချန့်သည် ကြိမ်နှုန်းမြင့် အသက်ရှူစက်မှ ပုံမှန်ကြိမ်နှုန်း အသက်ရှူစက်၊ ထို့နောက် ခန္ဓာကိုယ်တွင်း ထိုးဖောက်ရန် မလိုအပ်သည့် အသက်ရှူစက် စသည်ဖြင့် အဆင့်ဆင့် ခက်ခဲစွာ ကုသခဲ့သည်။ ချန့်ချန့်သည် ပြင်းထန်းသည့် BPD ရောဂါဝေဒနာအား ခံစားရသည့် အတွက် ရက် ၄၀ ကြာ ရောဂါကုသမှုကာလအတွင်း ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ရန် လိုအပ်သည့် အသက်ရှူစက်အား တစ်ဖန် ပြန်လည်အသုံးပြုခဲ့ရသည်။ နောက်ဆုံးတွင် နှာခေါင်း အောက်ဆီဂျင် အသက်ရှူပြွန်သို့ တည်ငြိမ်စွာ ပေးပို့နိုင်ခဲ့သည်။ ကုသမှုကာလအတွင်း ပြင်းထန်သည့် BPD ရောဂါ ဝေဒနာ ခံစားရသည့် ချန့်ချန့်အတွက် နေ့ရက်တိုင်းသည် အသက်ရှင်သန်ရေးအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။


မကြာခဏအသက်ရှူရပ်ခြင်း၊ မကြာခဏ ရောဂါကူးစက်ခံရခြင်း၊ feeding intolerance ၊ scleroderma စသည့် ချန့်ချန့်၏အသက်အား အန္တရာယ်ပြုနိုင်သည့် ရောဂါလက္ခဏာများသည် ဆေးရုံဝန်ထမ်းများ အား အမြဲတစေ စိုးရိမ်ထိတ်လန့်စေခဲ့သည်။


ချန့်ချန့်သည် အစားအစာစုပ်ယူခြင်း၊ မြိုချခြင်းအား မလုပ်ဆောင်နိုင်သည့်အတွက် သူနာပြုအဖွဲ့ ခေါင်းဆောင် ဆွန်ဖုန့်လင်သည် သူနာပြုအဖွဲ့အား ဦးဆောင်ပြီး နှာခေါင်းမှ အာဟာရထည့်သွင်းသည့် ပိုက်ဖြင့် ချန့်ချန့်မိခင်၏နို့အား အဆိုပါ အာဟာရပိုက်မှတစ်ဆင့် ထည့်သွင်းခဲ့သည်။ ချန့်ချန့်အား နို့စို့နိုင်သည့် အခြေအနေ ရောက်သည်အထိ တစ်ဖြည်းဖြည်းချင်း ကူညီပေးခဲ့သည်။


ချန့်ချန့်၏ သွေးကြေားသည် အလွန်သေးငယ်သည့်အတွက် အထူးကုသူနာပြု လီရန့်၊ ကျောက်ယွီတန်း တို့သည် PICC ပိုက်မှတစ်ဆင့် ချန့်ချန့်အတွက် အာဟာရမျိုးစုံ ဖြည့်ဆည်းပေးခဲ့ပြီး ကိုယ်အလေးချိန် နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုခဲ့သည်။


ချန့်ချန့်၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုမှာ အလွန်အားနည်းသည့်အတွက် အချိန်မရွေး အသက်အန္တရာယ် ကြုံတွေ့ နိုင်သည်။ အထူးကုသဆောင် (NICU) မှ ဆရာဝန်အဖွဲ့သည် သူမ၏ ဓါတ်ကင်အခန်းငယ်ဘေးတွင် အဆင်သင့်ရှိနေပြီး သူမ၏ အသေးစိတ် ပြောင်းလဲမှုများအား မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိသည်။


ချန့်ချန့်၏ ဦးနှောက်ဖွံ့ဖြိုးမျုအား အထောက်အကူပြုရန်အတွက် ဆေးရုံဝန်ထမ်းများသည် မကြာခဏ ဂီတသံဖွင့်ခြင်း၊ ကိုင်တွယ်ထိတွေ့ခြင်း စသည့်ကုထုံးဖြင့် ကုသခဲ့သည်။


မရေမတွက်နိုင်သည့် အရေးပေါ်ကုသမှုနှင့် ရက်ပေါင်း (၈၆) ရက်ကြာ ကုသမှုအား ခံယူပြီးနောက် ချန့်ချန့်သည် ဆေးရုံဝန်ထမ်းများ၏ ဂရုတစိုက် ကုသမှု၊ ပြုစုမှုအောက်တွင် အခက်အခဲမျိုးစုံအား ကျော်ဖြတ်နိုင်ခဲ့ကာ လူ့အသက်၏ အံ့ဖွယ်အား ဖန်တီးနိုင်ခဲ့သည်။


ချန့်ချန့်၏ ကြီးပြင်ဖွံ့ဖြိုးမှုအား အထောက်အကူပြုနိုင်ရန်နှင့် သူမမိဘ၏ ဖိအားနှင့် စိုးရိမ်ပူပန်မှုအား ပြေလျော့စေရန်အတွက် ပြည်နယ် အမှတ် (၁) ဆေးရုံမှ မွေးကင်းစကလေးငယ် ကုသရေး ဆေးအဖွဲ့ သည် သူမ၏မိဘအား ရောဂါကုသရေးလုပ်ငန်းစဉ်တွင် အစအဆုံး ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့ပြီး ယုံကြည်မှုတည်ဆောက်ရန် အားပေးကူညီခဲ့သည်။ အထူးကုဒေါက်တာ မီဟုန်ရင်သည် ချန့်ချန်၏့မိဘ နှင့် Wechat မှတစ်ဆင့်ဆက်သွယ်ကာ အချိန်မရွေး စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်။ ချန့်ချန့်သည် ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် ကြိုးစားနေသကဲ့သို့ သူမ၏မိဘများမှာလည်း ပိုမိုရင့်ကျက်လာရန် ကြိုးစားလျက်ရှိပြီး ချန့်ချန့်အား ပြုစုစောင့်ရှောက်ရမည့် ဗဟုသုတများအား သင်ယူလျက်ရှိသည်။ ချန့်ချန့်၏မိဘအား အပတ်တိုင်း အထူးကုသဆောင်သို့ ဖိတ်ကြားကာ ချန့်ချန့်အား အနီးကပ်ကြည့်ရှုပြီး  အားပေးစကားပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ဆေးရုံဝန်ထမ်းများသည် ချန့်ချန့်၏မိဘအား သက်ဆိုင်ရာ ကလေးငယ် ပြုစုစောင့်ရှောက်ရေး ဗဟုသုတများအား သင်ကြားခဲ့သည်။ ဆေးရုံမှ မဆင်းမီ ရက်ပိုင်းအလိုတွင် ချန့်ချန့်၏မိဘများအား သူနာပြု ဝါရင့်ကျွမ်းကျင်သူမှ ဆေးရုံဆင်းခြင်း လမ်းညွှန်မှုအား စနစ်တကျ သင်ကြားပြသခဲ့သည်။


မတ်လ ၁၈ ရက်နေ့ မနက်အချိန်တွင် ချန့်ချန့်၏မိခင်သည် သူနာပြုဆရာမထံမှ ချန့်ချန့်အား ပွေ့ယူခဲ့ ပြီးနောက် ပါးပြင်ပေါ်တွင် ပျော်ရွှင်သည့် မျက်ရည်များစီးကျလာခဲ့သည်။ ချန့်ချန့်၏မိဘသည် အလွန် စိတ်လှုပ်ရှားလျက်ရှိပြီး ဆေးရုံဝန်ထမ်များအား ကျေးဇူးတင်စကား အဖန်ဖန် ပြောကြားခဲ့သည်။ ဆေးရုံ ဆင်းသည့်နေ့တွင် ချန့်ချန့်၏ကိုယ်အလေးချိန်သည် ၂ ကီလိုဂရမ်အထိ ရှိလာပြီးဖြစ်ပြီး အလွန် သေးငယ်သည့် ကလေးငယ် မဟုတ်တော့ပေ။ အရှုံးပေးခဲ့ခြင်းမရှိသည့် ချန့်ချန့်တစ်ယောက် သူမ၏ မိဘရင်ခွင်သို့ ပြန်လည်ရောက်ရှိသွားချိန်တွင် ပြည်နယ် အမှတ် (၁) ဆေးရုံမှဝန်ထမ်းများအားလုံးမှာ လည်း  အလွန်ဝမ်းမြောက်ပျော်ရွှင်လျက်ရှိသည်။ ချန့်ချန့်တို့မိသားစု၏ ပျော်ရွှင်ကြည်နူးမှုသည် ဆေးရုံဝန်ထမ်းများ၏ (၈၆) ရက် နေ့ညဆက်တိုက် ပင်ပန်းမှုများအား တစ်ခဏတာအတွင်း ပျော်ရွှင် ကြည်နူးမှုအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။


သတင်းထောက်၏ လေ့လာသိရှိမှုအရ ပြည်နယ် အမှတ် (၁) ဆေးရုံ မွေးကင်းစကလေးငယ် အထူး ကုသဆောင် (NICU) အား ၂၀၀၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး “နိုင်ငံတော်အဆင့် မွေးကင်းစ ကလေးငယ် Perinatal ဆေးပညာရပ်ဆိုင်ရာ အထူးကုဆရာဝန်များ စနစ်တကျ သင်တန်းပို့ချရေး အခြေစိုက်စခန်း နှင့် “ယူနန်ပြည်နယ် မွေးကင်းစကလေးငယ် ဆေးပညာရပ် စဉ်ဆက်မပြတ် ဆေးပညာ လေ့လာသင်ယူရေး အခြေစိုက်စခန်း ၊ “ယူနန်ပြည်နယ် စိုးရိမ်ဖွယ် မွေးကင်းစကလေးငယ် ကုသရေးစင်တာ တို့ဖြစ်သည်။ လက်ရှိတွင် မွေးကင်းစကလေးငယ် ဆေးပညာရပ်သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး မွေးကင်းစကလေးငယ် ရောဂါကုသဆောင်သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် သည့်ဒေသများတွင် သီးသန့်ဘာသာရပ် တစ်ခုအနေဖြင့် ရပ်တည်လျက်ရှိပြီး ယူနန်ပြည်နယ်အတွင်းရှိ ပြည်နယ်ခွဲများတွင်လည်း မွေးကင်းစကလေးငယ် ဘာသာရပ်အား ထားရှိလာကြသည်။ ပြည်နယ် အမှတ် (၁) ဆေးရုံသည် ယူနန်ပြည်နယ်၏ Perinatal ဆေးပညာရပ်တွင် အဓိကကျသည့်ဌာန ဖြစ်သည်နှင့်အညီ နှစ်စဉ် မီးဖွားကလေးငယ် အရေအတွက်သည် ပြည်နယ်တစ်ခုလုံးတွင် အများဆုံး ဖြစ်သည့်အတွက် လက်ရှိအချိန်တွင် မွေးကင်းစကလေးငယ် ရောဂါကုသဆောင်သည် ကြီးမားသည့် ဖိအားများနှင့် ရင်ဆိုင်ရလျက်ရှိပြီး ရောဂါကုသဆောင်၏ သက်ဆိုင်ရာ Software၊ Hardware ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများသည် ကြီးမားသည့် မီးဖွားနှုန်းလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ခြင်း မရှိ ပေ။ ပြည်နယ် အမှတ် (၁) ဆေးရုံမှ ခေါင်းဆောင်များသည် ၎င်းကိစ္စရပ်အား အလွန်အလေးထားလျက် ရှိပြီး အဆောက်အဦးသစ်သို့ ပြောင်းရွှေ့ပြီးနောက်တွင် မွေးကင်းစကလေးငယ် ရောဂါကုသဆောင်၏ ကုတင်အရေအတွက်သည် ၁၆၀ အထိ ရှိလာမည်ဖြစ်ကာ လက်ရှိကြုံတွေ့နေရသည့် ဖိအားများအား ပြေလျော့စေမည်ဖြစ်သည်။ သို့သော် မွေးကင်းစကလေးငယ် ဘာသာရပ်သည် သီးသန့်ဆေးပညာရပ် တစ်ခု မဟုတ်သည့်အတွက် ရှေ့လျှောက် ဖွံ့ဖြိုးတိုးတက်ရန် အားနည်းချက်ရှိသည်။ ထို့ကြောင့် ကျွမ်းကျင်သူ၊ ပညာရှင်များသည် ယူနန်ပြည်နယ် သက်ဆိုင်ရာဌာနများအား မွေးကင်းစကလေးငယ် အစောပိုင်း ကုသရေးနည်းပညာနှင့် ပလက်ဖောင်း ဖွံ့ဖြိုးတိုးတက်စေရန် ပိုမို ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန်နှင့် ကူညီပံ့ပိုးရန် တိုက်တွန်းခဲ့သည်။ ခေတ်သစ်ဆေးပညာရပ်ဖြင့် မွေးကင်းစကလေးငယ်အား ပိုမို အထောက်အကူပြုရန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည်။


404 Not Found

404 Not Found


nginx