ယူနန်သစ်သီးဝလံ ပြည်တွင်းပြည်ပဝင်ထွက်ချိုချို ပြည်တွင်းပြည်ပသစ်သီးဝလံ ယူနန်ဝင်ထွက်ပိုပို
2019-05-29 00:00 source:


云南水果进进出出甜了国内国外1.png

ယူနန်တွင် လူအများပြောဆိုကြသည်မှာ “ပြည်ပမှသစ်သီးဝလံများ ယူနန်သို့ တင်သွင်းပြီး၊ ယူနန်မှ သစ်သီးဝလံများ  ပြည်ပသို့ တင်ပို့ခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေလျက်ရှိ”ပင်ဖြစ်သည်။ 

ကိန်းဂဏာန်းဒေတာအချက်အလက်အရ

တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ဌာနဝက်ဆိုဒ်၏ ဖော်ပြချက်အရ ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ အဓိကသစ်သီး (၅) မျိုး၏ ပျှမ်းမျှဈေးနှုန်းမှာ တစ်ကီလိုလျှင် ၇.၀၅ ယွမ်ဖြစ်ပြီး ယခင်လ ထက် ၁.၅ % မြှင့်တက်ခဲ့ကာ ယမန်နှစ် အလားတူကာလကထက် ၁၄.၉ % မြှင့်တက်ခဲ့သည်။ ယခု ဈေးနှုန်းသည် ၅ နှစ်တာကာလအတွင်း မြင့်မားသည့် လက်ကားဈေးဖြစ်သည်။ ကူမင်းအကောက်ခွန်၏ ကိန်းဂဏာန်းအချက်အလက်အရ ယခုနှစ် ပထမလေးလအတွင်း ယူနန်ပြည်နယ်၏ သစ်သီးဝလံ တင်ပို့မှုသည် ယမန်နှစ် အလားတူကာလကထက် ၁၉ % ကျော်မြှင့်တက်ခဲ့သည်။ ပထမလေးလ အတွင်း ယူနန်ပြည်နယ်၏ သစ်သီးဝလံတင်သွင်းမှုသည် ၁.၆၃ ဘီလီယံယွမ်ဖြစ်ပြီး ယမန်နှစ် အလားတူ ကာလကထက် ၃ ဆကျော်မြှင့်တက်ခဲ့သည်။ 

မုံလှအကောက်ခွန်၏ ကိန်းဂဏာန်းဒေတာအချက်အလက်အရ ယခုနှစ် ပထမသုံးလပတ်တွင် ထိုင်းနိုင်ငံမှ အပူပိုင်းသစ်သီးဝလံ တန်ချိန်ပေါင်း ၉၂၉၀၀ တန်တင်သွင်းခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၁ သန်းဖြစ်ပြီး ယမန်နှစ် အလားတူကာလကထက် ၄၁၆ % နှင့် ၄၂၀ % အသီးသီးမြှင့်တက်ခဲ့သည်။ ထိုအထဲမှ ဒူးရင်းသီးတင်သွင်းမှုမှာ ယမန်နှစ် အလားတူကာလကထက် ၁၃၉၃.၇ % နှင့် ၁၃၁၉.၅ % အသီးသီးမြှင့်တက်ခဲ့သည်။ မင်းဂွတ်သီးတင်သွင်းမှုမှာ ယမန်နှစ် အလားတူကာလကထက် ၁၂၉၁.၈ % နှင့် ၁၂၉၆.၆ % အသီးသီးမြှင့်တက်ခဲ့သည်။ ကြက်မောက်သီး တင်သွင်းမှုမှာ ယမန်နှစ် အလားတူကာလ ကထက် ၁၇၈ % နှင့် ၁၃၇ % အသီးသီးမြှင့်တက်ခဲ့သည်။ 

ထိုသို့မြှင့်တက်ရခြင်းအကြောင်းရင်းမှာ - 

“One Belt One Road”တည်ဆောက်မှုအား အရှိန်မြှင့်တင် ဆောင်ရွက်လာသည်နှင့်အမျှ အရှေ့တောင်အာရှနိုင်ငံများမှ သစ်သီးဝလံများသည် ယူနန်ပြည်နယ်သို့ ပိုမိုဝင်ရောက်လာခဲ့သည်။ ထိုင်းနိုင်ငံမှ မင်းဂွတ်သီးနှင့် ဒူးရင်းသီး၊ ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီး၊ မြန်မာနိုင်ငံမှ သရက်သီး စသည် တို့သည် ယူနန်သစ်သီးဝလံဈေးကွက်တွင် အလွန်မျက်နှာပန်းလှလျက်ရှိသည်။ 


ယူနန်ပြည်သူများ စားရကံကြုံပြီ 

ကူမင်းမြို့ရှိ ကျွမ်းရှင်းသစ်သီးဝလံဈေးတွင် ထိုင်းနိုင်ငံမှ မင်းဂွတ်သီးအား ဝယ်ယူနေသည့် မစ္စလီမှ သတင်းထောက်အား ပြောကြားရာတွင်“ဒီနှစ် မင်းဂွတ်သီး အရသာအရမ်းကောင်းတယ်။ ထိုင်းနိုင်ငံမှာ စားခဲ့တဲ့အရသာအတိုင်းပဲ။ အရမ်းလတ်ဆတ်တယ်”။

လုံချွမ်စတိုးဆိုင်မှ အဝယ်တော်ဖြစ်သည့် ကျိန်းဖုန်မှ သတင်းထောက်အား ပြောကြားရာတွင် ယခင်က သစ်သီးတစ်ကြိမ်တင်သွင်းလျှင် အကြမ်းဖျင်းအားဖြင့် ၃ နာရီမှ ၄ နာရီထိ ကြာမြင့်တတ်သော်လည်း ယခုတွင် ၁ နာရီကျော်သာ ကြာမြင့်တော့သည့်အတွက် ၎င်းကဲ့သို့ အသေးစားစတိုးဆိုင် ဖွင့်လှစ်သူများ အတွက် အလွန်အဆင်ပြေလျက်ရှိသည်။ ကူမင်းမြို့၏ အဓိက သစ်သီးဝလံရောင်းဝယ်သည့်ဈေးများ တွင် နေ့စဉ်နေ့တိုင်း အရှေ့တောင်အာရှနိုင်ငံများမှ လတ်ဆတ်သည့် သစ်သီးဝလံများ ဝင်ရောက်လျက် ရှိသည်။ 

ကျိန်းဖုန်မှ ဆက်လက်ပြောကြားရာတွင်“အခုအချိန်မှာ ကျွန်တော်တို့ ပြည်ပကတင်သွင်းတဲ့ သစ်သီး တွေကို နေ့တိုင်းဝယ်ယူပါတယ်။ ဥပမာအနေနဲ့ ဗီယက်နမ်ကတင်သွင်းတဲ့ ဖရဲသီးကို နေ့တိုင်း ကီလို ၅၀၀ ဝန်းကျင် ဝယ်ယူပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံက မင်းဂွတ်သီးနဲ့ ဒူးရင်းသီး၊ ဖိလစ်ပိုင်က ငှက်ပျော သီးနဲ့ မြန်မာနိုင်ငံက သရက်သီး စတဲ့သစ်သီးတွေဟာဆိုရင် အရမ်းလူကြိုက်များပါတယ်။ ယခုနှစ် အရှေ့တောင်အာရှကနေ တင်သွင်းတဲ့ သစ်သီးတွေရဲ့ဈေးတွေ သိသိသာသာ ကျလာပါတယ်။ ဒါပေမဲ့ ရောင်းအားကတော့ တစ်ဆကျော် မြှင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ ကျွန်တော်တို့ မင်းဂွတ်သီး ပစ္စည်းပြတ်တဲ့အခြေအနေနဲ့ ကြုံခဲ့ပါတယ်။”


အရှေ့တောင်အာရှမှ ပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်

မကြာသေးမီက ကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ် ကူမင်းထိုင်းနိုင်ငံပွဲတော်တွင် သတင်းထောက်သည် အပူပိုင်းသစ်သီးဝလံလုပ်ငန်း လုပ်ကိုင်သည့် ထိုင်းနိုင်ငံမှ ကုန်သည်တစ်ဦးဖြစ်သည့် နော့ရီးနှင့် တွေ့ဆုံ ခဲ့သည်။ သူမ၏ပြခန်းဧရိယာတွင် နာနတ်သီး၊ အုန်းသီး စသည့် ထိုင်းနိုင်ငံထွက် သစ်သီးဝလံများအား ခင်းကျင်းပြသထားပြီး ဝယ်ယူသူများ၏ တစ်ခဲနက်အားပေးမှုအား ရရှိခဲ့သည်။ 

သူမမှ မိတ်ဆက်ပြောကြားရာတွင် ပြခန်းအတွင်းတွင်ရှိသည့် အုန်းသီးအားလုံးသည် ထိုင်းနိုင်ငံမှ တင်ပို့ ခြင်းဖြစ်ပြီး ကူမင်းသို့ရောက်ရန် ၅ ရက်မှ ၈ ရက်သာလိုအပ်သည်။ နယ်စပ်ဂိတ်ဖြတ်ကျော်ရာမှာလည်း အလွန်အဆင်ပြေချောမွေ့ပြီး ယခင်နှစ်များကထက် များစွာအဆင်ပြေခဲ့သည်။ 


ယူနန်ထွက် သစ်သီးဝလံများမှာ အလားအလာကောင်းများ ပိုင်ဆိုင်လျက်ရှိ

ယူနန်ကျောက်ထုံးဒေသမှ ပန်းသီး၊ ဟော်ခုံဒေသမှ လိုင်ချီး၊ လိကျန်းဒေသမှ မက်မွန်သီး၊ အန်းနင်ဒေသ မှ သစ်တော်သီး စသည့်ထူးခြားကောင်းမွန်သည့် ယူနန်ထွက် သစ်သီးဝလံများသည် ပြည်ပနိုင်ငံများမှ ကြိုက်နှစ်သက်မှုအား ရရှိလျက်ရှိသည်။

တရုတ်နိုင်ငံ ကုန်းမြင့်သစ်သီးဝလံစိုက်ပျိုးရေး ကျွမ်းကျင်သူမှ မိတ်ဆက်ပြောကြားရာတွင် ယူနန်သည် ပထဝီမြေ၊ ရာသီဥတု စသည့်အားသာချက်များရှိပြီး ကမ္ဘာ့အဆင့်မီ“အစိမ်းရောင်စားသောက်ကုန် အမှတ်တံဆိပ်”တည်ဆောက်မှုအား အရှိန်မြှင့်ဆောင်ရွက်လာသည်နှင့်အမျှ ယူနန်သစ်သီးဝလံများ၏ အမျိုးအစားနှင့် အထွက်နှုန်းမှာ အဆက်မပြတ် မြှင့်တက်လာပြီး ယူနန်သစ်သီးဝလံများ ပြည်ပတင်ပို့မှု အတွက် အခြေခံကောင်းများ ဖန်တီးနိုင်မည်ဖြစ်သည်။

ထို့အပြင် ယူနန်သည် နည်းပညာအကူအညီဖြင့် ပြည်ပသို့တင်ပို့မည့် သစ်သီးဝလံ၏ အရည်အသွေး အား ပိုမိုကောင်းမွန်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး သစ်သီးတစ်လုံးချင်းစီအတွက်“QR Code” သတ်မှတ်ထားရှိပြီး ပြည်ပသို့တင်ပို့မည့် ယူနန်သစ်သီတစ်လုံးချင်းစီအား ကျန်းမာရေးနှင့် ညီညွတ် စေရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကြိုးစားအားထုတ်မှုများသည် ယူနန်သစ်သီးဝလံများ ပြည်ပ တင်ပို့ခြင်းအား အထောက်အကူပြုမည်ဖြစ်သည်။