၂၁ ရာစု ပင်လုံ ညီလာခံအား ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ကျင်းပရန် လျာထားပြီဟု ဆို
2020-06-01 11:50 source: ဆင်ဟွာ


bl.jpg

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေး မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)


နေပြည်တော်၊ မေ ၃၀ ရက် (ဆင်ဟွာ)


၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံအား ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလ (Campaign) မတိုင်မီ နောက်အကျဆုံး ဇူလိုင်လ၌ ကျင်းပရန် နိုင်ငံတော် အစိုးရက လျာထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (EAOs)အား ယမန်နေ့က အဆိုပြုထားကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့် ရ ပုဂ္ဂိုလ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေ ကျင်းပသည့် ပုံမှန် အွန်လိုင်း သတင်းစာ ရှင်းပွဲတွင် အိမ်တော် သတင်းထောက်များအား ပြောကြား ခဲ့သည်။


“အစည်းအဝေးတွေ ကျင်းပရေး နဲ့ ပတ်သက်လို့ မနေ့ကပဲ EAOs တွေကို ကျွန်တော်တို့ အဆိုပြုလိုက်ပါတယ်၊ ရွေးကောက်ပွဲက လာမယ့် နိုဝင်ဘာလထဲမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတယ်၊ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်စည်းရုံးရေး(Campaign) ကာလ ရက်ပေါင်း ကိုးဆယ် ပေးပါတယ်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ သုံးလက Campaign ဖြစ်မယ်၊ အဲဒီကာလ မရောက်ခင် နောက်အကျဆုံး ဇူလိုင်လမှာ ကျင်းပဖို့ အဆိုပြု ထားတာပါ” ဟု ၎င်းက ဖြေကြားခဲ့သည်။


ထို့အပြင် ၎င်းက  အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော EAOs များအကြား  အစည်း အဝေး နှစ်ကြိမ် လုပ်ပြီးကြောင်း၊ အလွတ်သဘော ဆွေးနွေးမှုများကိုမူ အကြိမ်များစွာ  လုပ်ထား ကြောင်း၊ ပြည်ထောင်စု သဘော တူ စာချုပ် (Union Accord Part III) ကို လာမည့် ညီလာခံမှာ စာချုုပ်ချုပ်ရန် ရည်ရွယ် ထားပြီး စာချုပ်တွင် အပိုင်း  သုံးပိုင်း ပါမည် ဖြစ်ကြောင်း၊ (၁) NCA အကောင် အထည် ဖော်မှု ဆိုင်ရာ မူဘောင်သဘောတူညီချက် ၊ (၂) ၂၀၂၀ ရွေးကောက်ပွဲ အလွန် အဆင့်လိုက် လုပ်ငန်းများနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှု၊ နံပါတ် (၃)  ဖက်ဒရယ် ဆိုင်ရာ အခြေခံမူတို့ ဖြစ်ကြပြီး NCA အကောင် အထည်ဖော်မှု ဆိုင်ရာ မူဘောင်သဘောတူ ညီချက်များအနက်  ဆယ်ချက် ကို ဘုံသဘောတူ ညီချက် ရထားကြောင်း၊ နောက်ထပ် ဆယ် ချက်မှာ ညှိနှိုင်းဆဲဖြစ်ပြီး နောက် လေး ငါး ခြောက်ချက် ထပ်ရလာနိုင်ကြောင်း၊ အပိုင်း(၁) မှာ သဘောတူညီချက် ဆယ့်လေး ငါး ချက် မှန်းထားကြောင်း၊ အပိုင်း(၂)၌ ခေါင်းစဉ် ရှစ်ခု ရှိရာ ခုနစ်ခုက သဘောတူပြီးဖြစ်ကြောင်း၊ နောက်ဆုံး တစ်ချက်က လုံခြုံရေး ကိစ္စဖြဖစ်၍ အစိုးရနှင့် တပ်မတော်ဘက်က NCA မှာ ပါသည့် အတိုင်း ‘လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်း ခြင်း’ ခေါင်းစဉ်ဖြင့် သွားလိုသော်လည်း EAOs ဘက်က ‘ဖက်ဒရယ် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း’ ခေါင်းစဉ်ဖြင့် သွားလိုကြောင်း၊ အဆိုပါ အချက် ကျေလည်သွားပြီဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲ အလွန် အဆင့်လိုက် အကောင် အထည်ဖော်မှု၊ အဆင့်လိုက် လုပ်ငန်းစဉ်တို့ကို စာချုပ်ချုပ် ၍ ရပြီ ဖြစ်ကြောင်း၊ နောက်တစ်ချက် ဖက်ဒရယ်မူက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် NCA လေးနှစ်ပြည့် အခမ်းအနားတွင် ပြောခဲ့ သည့် မိန့်ခွန်းမှာသော ဖက်ဒရယ် တည်ဆောက်ရေး ဆိုင်ရာ မူငါးချက် ဖြစ်ကြောင်း၊ ထိုမူ ငါးချက်ကို EAOs ဘက်က လက်ခံလျှင် နိုင်ငံတော် အစိုးရ ဘက်က သဘောတူပါ သည်ဟု အဆိုပြုထားကြောင်း၊ အနိမ့်ဆုံးအားဖြင့် ထိုငါးချက် ရရင်ကို ဖက်ဒရယ် တည်ဆောက် ရေး အတွက် အထောက်အကူဖြစ်သည်ဟု EAOs ခေါင်းဆောင် များကလည်း ပြောကြောင်း၊ ထိုငါးချက်ပေါ် အခြေခံပြီး နောက်ထပ် ဘယ်နှစ်ချက် ထပ်ထည့် ချင်သလဲ၊ ထပ်ထည့်ပြီးလျှင် ပြည်ထောင်စု သဘောတူညီချက် စာချုပ် ချုပ်လို့ ရပြီ ဖြစ်ကြောင်း၊ EAOs များနှင့် ဆွေးနွေး လက်စ  အလား အလာမှာ အပြုသဘောရှိနေပါကြောင်းလည်း ရှင်းလင်း ဖြေကြားခဲ့သည်။


COVID-19 ကာလ၌ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ရေးအတွက် နမူနာယူရမည့် မျက်မှောက် အခြေအနေများ ရှိကြောင်း၊ ယခု ကျင်းပနေဆဲ လွှတ်တော် အစည်းအဝေးများ အောင်မြင်ရေး လွှတ်တော် ကိုယ်စားလှယ်များ ငါးရက် ကြိုတင်ရောက်ရှိပြီး ကျန်းမာရေး စစ်ဆေးခြင်း၊ လွှတ်တော် အတွင်း social distancing များ ပြင်ဆင် နေရာချခြင်း၊ အလားတူ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင်လည်း လူဦးရေ လျှော့ချကာ social distancing များဖြင့် ဆောင်ရွက်ရန် အဆိုပြု ထားခြင်း စသည့် နမူနာကောင်းများကို ယူကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ ့(EAOs) များအား ညီလာခံ မတိုင်မီ ငါးရက်ကြိုပြီး နေပြည်တော်သို့ ရောက်ရှိရေး၊ EAOs ခေါင်းဆောင် အများစု နေထိုင်ရာ ချင်းမိုင်၊ တာချီလိတ်တို့သို့နိုင်ငံတော်အစိုးရက လေယာဉ်ဖြင့် သွားရောက် ခေါ်ယူနိုင်ရန် ထိုင်းနိုင်ငံ အစိုးရနှင့် ညှိနှိုင်းမည် ဖြစ်ကြောင်း၊ ညီလာခံ ပုံမှန် ကျင်းပသည့် နေပြည်တော် MICC II ၌ social distancing ဆောင်ရွက်နိုင်ရန် အစည်းအဝေး တက်ရမည့် အစိုးရအဖွဲ ့၊ EAOs အဖွဲ့၊ နိုင်ငံရေး ပါတီများနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများမှ ကိုယ်စား လှယ် ဦးရေကို ယခင် ၇၀၀ ဦး ရှိခဲ့ရာမှ သုံးပုံ တစ်ပုံ (၂၃၀ ဦး ခန့်)အထိ လျှော့ချ ဖိတ်ကြားခြင်း၊ UPDJC နှင့် JICM အစည်းအဝေးများ၊ လက်မှတ်ထိုးပွဲများအား ဟိုတယ်ဇုန်(၂) ရှိ MICC I သို့ ပြောင်းရွှေ ့ ဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထိုအချက်များကို EAOs ထံ အဆိုပြုထားကြောင်း၊ ဆက်လက်ဆွေးနွေးရမည့် လက်ကျန် အချက်များကို ဇွန်အတွင်း ဆွေးနွေးကာ JICM အစည်းအဝေး၊ UPDJC အစည်းအဝေးများကို ခေါ်ယူသွားမည် ဖြစ်ကြောင်း၊ ပြီးလျှင် ၂၁ ရာစု ပင်လုံ ညီလာခံအား ဇူလိုင်လ၌ ဆက်လက် ကျင်းပမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။


“၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့အဆင့်လိုက် အကောင်အထည်ဖော်မှု သဘောတူညီ ချက်ဟာ အစိုးရရော၊ တပ်မတော်ရော EAOs တွေ အတွက်ပါ အလွန်အရေးကြီးတယ်၊ ဒါတွေကို ကြိုတင် သဘောတူ လက်မှတ်ထိုးထားနိုင်ဖို့က အားလုံးအတွက် အရေးကြီးတယ်”ဟုလည်း ၎င်းက ပြောခဲ့သည်။


ထို့အပြင် မြန်မာ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် တည်ဆောက်ရေး သုံးရပ်စလုံး အတွက် ၂၁ ရာစု ပင်လုံညီလာခံနှင့် ရွေးကောက်ပွဲ နှစ်ခုစလုံးသည် အလွန်အရေးကြီးပြီး မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စနှစ်ရပ် ဖြစ်ကြောင်း လည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။  (Xinhua)

404 Not Found

404 Not Found


nginx